Saturday, June 28, 2008

ပန်းတွေပွင့်တဲ့ အနမ်းလင်္ကာ

အနမ်းခြွေတုန်းက
ပန်းတွေဝေခဲ့ဘူးတယ်
စမ်းရေတွေအေးလို့
လေပြေတွေသွေးကြတယ်
ကြယ်တွေလင်းပြီး
လမင်းကြီးသာတယ်
ကမ္ဘာမြေက
အသာယာဆုံးတေးတစ်ပုဒ်ဆိုတယ်
သူ့ပါးထက်က
သနပ်ခါးရနံ့လေး
ခုထိမွှေးနေတုန်းပဲ
ပန်းနုရောင်ရှက်ပြုံးလေးက
ငါ့ရင်ထဲကိုမိုးပြေးလိုရွာတယ်
မှော်ဆရာဖန်ဆင်းတဲ့
ဝိုင်ချိုတစ်ခွက်ကိုသောက်ရသလို
နှလုံးသားတို့ဆတ်ဆတ်တုန်တယ်
ပန်းပွင့်အိမ်မက်ထဲက
ဝတ်မှုံတေးသွားတစ်ပုဒ်လို
သာယာနူးညံ့စွာ.....


Type rest of the post here

ကဗျာဆရာ

ကော်ဖီတစ်ခွက်
သန်းခေါင်ယံတစ်ခုနဲ့
စကားလုံးတွေကလှပနေလိုက်တာ
ကမ္ဘာပေါ်မှာပန်းတွေမရှိတော့သလိုလို
မွှေးလိုက်တာကွယ်
နှလုံးသားထဲကပန်းလေးတွေ
မိုးကောင်းကင်ထိပဲထိုးဖောက်တော့မလိုလို
အသက်သွေးထဲက
ယိုစီးဖိတ်ထွက်လာကြတယ်
စကားလုံးလေးတွေ
ဒါ..ငါ့ဘဝ
ဒါ..ငါ့ကမ္ဘာ
ဒါ..ငါ့အသက်
နှလုံးသွေးရပ်သွားမယ်ဆိုရင်တောင်
ငါ..ဆက်ရွတ်နေဦးမယ်
မျက်စိကိုစုံမှိတ်
အိမ်မက်လိုစိတ်ကူးတွေထဲမှာ
ငါ့ကဗျာတွေဖူးပွင့်ကြတယ်
ငါသေသွားရင်တောင်
ဒီကောင်းကင်ကြီးအောက်မှာ
ငါ့စကားလုံးတွေပျံ့လွင့်နေဦးမှာ
ငါ့ဝိညဉ်နဲ့အတူ
ငါ့ကဗျာတွေရှင်သန်နေဦးမယ်


လူတစ်ယောက်ဖြစ်တည်မှုက အောက်ဆီဂျင်ပေါ်မှာမူတည်တယ်
ကျွန်တော့်ဖြစ်တည်မှုက ကျွန်တော့်ကဗျာတွေပေါ်မှာပဲမူတည်ပါတယ်

Type rest of the post here

နတ်ဆိုးဆီရောင်းစားခံလိုက်ရတဲ့ သနားစရာ ငါ့အိမ်မက်လေး

အိမ်မက်တစ်ခုကိုမောင်းထုတ်ဖို့
မြင်းဆယ်ကောင်အားမလိုပါဘူး
နာကျင်ဝေဒနာအပိုင်းအစတွေနဲ့
ကွဲအက်နေတဲ့နှလုံးသားတစ်ခုပဲလိုတယ်
ငါ..မျှော်လင့်ချက်ကို
မနက်ခင်းနဲ့ရင်းပြီးပြီ
အဲဒီကောင်းကင်က
ငါ့အတွက်မှမဟုတ်တာ
ပန်းကြွေဝတ်မှုံကို
သီချင်းလုပ်ဆိုပြီး
ကြယ်တွေနဲ့စီးချင်းထိုးရမှာလား
ခပ်ရင့်ရင့်စကားလုံးတွေနဲ့
ငါ့အိမ်မက်ကိုမရောင်းစားပါနဲ့
သုံညကမချိုပါဘူးဟာ
ဟုတ်တယ်လေ
ငါက နှလုံးသားမှအပိုမပါတာ
ဝိုးတ၀ါးအိမ်မက်လေးနဲ့
သန်းခေါင်ယံတွေအသက်ဆက်နေခဲ့ရတာ
ပန်းပွင့်တွေကြွေတော့
ငါလည်းငိုတာပေါ့ဟာ
တစ်ခုတော့ပြောချင်သေးတယ်
လမင်းကလည်း
သေချာကြည့်ရင် “ သုံည ” ပါပဲ

Type rest of the post here

Friday, June 27, 2008

ခြားနာခြင်း

ငါက...
သူ့ကောင်းကင်ကြီးလှပဖို့အတွက်
ကြယ်လေးတစ်ပွင့်ဖြစ်ခဲ့သူပါ
ဒါပေမယ့်...
ငါနေရာက သေးလွန်းတယ်

ငါက...
သူ့ဘ၀လေးမွှေးပျံ့လှပဖို့
တယုတယစိုက်ပျိုးပေးခဲ့တဲ့
ဥယျာဉ်မှုးတစ်ယောက်ဖြစ်ခဲ့သူပါ
ဒါပေမယ့်...
သူ့တန်ဖိုးကကြီးလွန်းတယ်

ငါက...
သူ့ဘ၀လေးတိုးတက်မြင့်မားဖို့
ဒုက္ခတွေကိုခါးစည်းခံခဲ့တဲ့
လှေကားထစ်လေးတစ်ခုဖြစ်ခဲ့သူပါ
ဒါပေမယ့်...
ငါ့အဆင့်ကနိမ့်လွန်းတယ်

ငါက...
သူလျှောက်တဲ့လမ်းမှန်ကန်ဖြောင့်ဖြူးဖို့
တည့်မတ်လမ်းညွှန်ပေးခဲ့တဲ့
အလင်းရောင်လေးတစ်ခုပါ
ဒါပေမယ့်...
ငါ့အလင်းကမှိန်လွန်းတယ်

ငါက...
သူ့ဘ၀လေးသာယာဖို့
နှလုံးသားကိုသော့ခတ်ပြီး
ရင်နင့်စွာကျောခိုင်းခဲ့သူပါ
ဒါပေမယ့်...
နောက်ဆုံးထွက်သက်အထိ သူ့ကိုချစ်နေဦးမှာပါ

Type rest of the post here

Thursday, June 26, 2008

ပန်ဆုခြွေ

ပင်မြင့်မှာပျော်
တော်ဝင်သည့်ပန်း
နန်းမြင့်သဇင်
ဆောင်းဝင်ရင်လှိုင်လှိုင်ပွင့်တယ်
ဖိုးထိုက်သည့်ပန်း.......။ ။

ခုနှစ်ဆောင်နန်းမြင့်
လှမ်းလင့်လို့မချူသာတယ်
ပပဦးရယ်
မဖြေသာရတက်ပွေလို့
ပန်ခွင့်ကိုမျှော်
မပျော်သာရင်နင့်ကာပ
နမ်းရှိုက်ကာယုယချင်လည်း
အတွေးသာကွယ်
အဆွေးသာပိုရတယ်
နန်းထိုက်သည့်ပန်း.....။ ။

ပန်းသဇင်လိုကွယ်
နန်းရင်မှာပွဲလယ်တင့်
မချုသာတယ်
ဒီလူ့မှာဆုသာတောင်းရတယ်
ဝေပါစေကွယ်
ခြွေရက်သူမတွေ့စေနဲ့
ကြွေပျက်ရင်သည်းမှာနွမ်းတာမို့
မှန်းဆလို့ပျိုး.....။ ။


Type rest of the post here

ရင်နင့်အလွမ်း

တမ်းတမှန်းရည်
ရွာဦးဆီသို့
ခရေပင်အောက်
ပန်းတွေကောက်ရင်
သီကာခရေ
ပန်ပေးလေသည့်
ချစ်သူ့ဆံနွယ်
မွှေးပျံ့ပျံ့ဝယ်
တစ်သက်တာမှန်း
တမ်းကာနမ်းသည်
လေပြေလေးတို့သက်သေတည်.....

မရွယ်ပဲဖြစ်
ချန်ရစ်ခဲ့သည်
ကံကြမ္မာရယ်
ဖန်လာရက်တယ်
ဖယ်ခွာအဝေး
သူထွက်ပြေးသည်
ဘယ်ဆီဘယ်ဝယ်
မှန်းကာရွယ်လည်း
သူပြန်မရောက်
လမ်းစပျောက်ပြီ
ပန်းခရေတို့
နွမ်းလေပြီကွယ်
ခရေပင်အောက်
ပြန်ရောက်လေတိုင်း
ချစ်သူ့ဆံနွယ်
မှန်းရွယ်သီကုံး
လေအဝေ့မှာလွင့်လွင့်လူးတယ်
ပန်းခရေတို့ပြုံး.....


Type rest of the post here

တစ်ချိန်တုန်းက..မိုးရာသီ

တိမ်မည်းတစ်ချို့
မှိုင်းညို့ညို့နဲ့
မိုးကွက်ကိုဆင်
ရွာမယ်ပြင်တယ်...
လျှပ်ပန်းနွယ်ယှက်
ကောင်းကင်ထက်မှာ
တစ်ချက်မိုးချိန်း
မိုးလုံးဟိန်းသို့
ကိုရွှေမိုးကိုအကြိုထောက်တယ်.....
မကြာခင်မှာ
ရွာဆင်တဲ့..မိုး
အညှိုးတေးက
ရွှဲရွှဲစိုအေး
ဖားလေးတို့ပျော်
မိုးကိုမျှော်သူ
ရွှေတောင်သူတို့
ထွန်တုန်းကိုပြင်
လုပ်ငန်းခွင်သို့
ကိုယ့်နွားကိုယ်တွဲ
ဓါးကိုဆွဲလို့
တာဝန်ထမ်းဖို့ပြင်ကြတယ်.....
လယ်ကန်သင်းဘေး
ရေပြင်ဖွေးလို့
မိုးစက်တစ်ပေါက်
သူ့ဆီရောက်ရင်
ခုန်ပေါက်ပျော်ရွှင်
ဘေးသို့စင်တယ်.....
ကန်ဘောင်ဘေးဘက်
ကန်စွန်းရွက်တို့
စိမ်းစိမ်းစိုစို
အလှပိုလျှင်
ကလေးတစ်သိုက်
ခြင်းကိုပိုက်လို့
မိုးတေးကိုဆို
ခူးဆွတ်လို့ပျော်ကြတယ်.....
ဂဏန်းနှိုက်ကာ
ဖားကောက်ကာနဲ့
အဲဒီဘဝ
အေးချမ်းလိုက်တာ
အဖေအပြန်
လက်မှာခိုဆွဲ
ဗျိုင်းသားချိုချို
စားစေလိုလို့
အိမ်ပြန်တိုင်းဖမ်းလာတတ်တဲ့..အဖေ
အမေ့လက်ရာ
ညနေစာက
မိုးနဲ့အပြိုင်
မြိုင်ဆိုင်လှတယ်......
ဘ၀မှာ
အဲဒီလိုမိုးမျိုး
ဘယ်တော့များမှပြန်ရွာမှာလဲ
မိုးလေးဖွဲရင်
ပြန်ရောက်ချင်သည်
ငယ်ငယ်တုန်းက ယာခင်းဆီ.....


Type rest of the post here