Saturday, September 27, 2008

တုနှိုင်းမဲ့ရာ အဖေ့မေတ္တာ

အဖေ
လှမ်းလို့ဖြတ်သန်း၊ဘ၀လမ်းမှာ
အားခဲမာန်ခဲ၊ဇွဲနဘဲနဲ့
အခက်အခဲ၊မြစ်ပြင်ထဲမှာ
တက်ကျိုးခဲ့သော်၊လက်ထိုးလှော်သည်
အနှိုင်းမဲ့သော၊ကျွန်တော့်အဖေ။ ။

အဖေ
မပြည့်ဆန္ဒ၊မရှိစေရ
ပူဆာသမျှ၊လိုတာရအောင်
နေပူမကြောက်၊မိုးတစ်ဖျောက်လည်း
မသိသယောင်၊သူထမ်းဆောင်သည်
တာဝန်ကျေသော၊ကျွန်တော့်အဖေ။ ။

အဖေ
ကံကြမ္မာက၊ဖန်လာရက်သည်
အသက်တစ်ဝက်၊ကျော်မဖြတ်ခင်
ဘ၀လမ်းမှာ၊ပန်းခဲ့သမျှ
ဇရာထမ်းကာ၊ပိခဲ့ရသည်
လေဖြတ်သွားသော၊ကျွန်တော့်အဖေ။ ။

အဖေ
သားသမီးတို့၊မျက်ရည်စီးတော့
ဝေဒနာကို၊ရင်မှာချုပ်တီး
ဟန်လုပ်အပြုံး၊သူဖုံးအုပ်သည်
ရဲရဲရင့်ရင့်၊အားမာန်ဝင့်ကာ
မကြောက်မရွံ့၊နောက်မတွန့်ခဲ့သောအဖေ။ ။

အဖေ
မကျန်းမာလည်း၊ထမ်းကာစွမ်းသည်
အိမ်ထောင့်တာဝန်၊သူကျေပွန်သည်
တုနှိုင်းမဲ့ရာ၊ဖေ့မေတ္တာနဲ့
အတားအဆီး၊ဘ၀ခရီးမှာ
အားတင်းကာကျော်ဖြတ်ခဲ့တဲ့အဖေ။ ။

ဪ….အဖေ
အဖေချစ်တဲ့သား
အဖေ့နားမှာမနေနိုင်ပေမယ့်
တုနှိုင်းမဲ့မေတ္တာ
အစဉ်သာတမ်းတ
ရင်မှာသတိတရနဲ့
မှန်းဆစိတ်ရည်
လက်အုပ်ချီလို့
ရှစ်ခိုးဦးချ
တမ်းတလျှက်ပါအဖေ
ကျန်းမာစေကြောင်း
သားဆုတောင်းလို့
အချိန်တန်လို့
အိမ်ပြန်ရတဲ့အခါ
အပြုံးပန်းနဲ့
လှမ်းကြိုမယ့်အဖေ့ကို
မှန်းဆမြင်ယောင်ရင်း
တစ်နယ်ကျေးကသား
အဖေပေးတဲ့အားနဲ့
အတားဆီးမှန်သမျှ
အားတင်းဖြတ်ကျော်မယ်…အဖေ


Type rest of the post here

5 comments:

အညာသား said...

အရမ်းကောင်းတယ် မောင်ဂျိုကာရေ..။
မိဘကျေးဇူးသိတတ်တဲ့ မောင်ဂျိုကာ ကျန်းမာပျော်ရွှင်နိုင်ပါစေခင်ဗျာ။

Anonymous said...

ကဗျာလေး ကောင်းတယ် ကိုဂျိုကာရေ ..
အဖေတွေကတော့ သားသမီးတွေ အတွက်
သူရဲကောင်းပါပဲဗျာ ..
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ

ဒီဇင်ဘာနှင်း said...

ကဗျာလေးအရမ်းကောင်းတယ် ဖခင်ရဲ့မေတ္တာကို ဖော်ပြထားတာအရမ်းခံစားရပါတယ် အရာရာအဆင်ပြေပါစေ

kiki said...

အဖေ့နားမှာမနေနိုင်ပေမယ့်
တုနှိုင်းမဲ့မေတ္တာ
အစဉ်သာတမ်းတ
ရင်မှာသတိတရနဲ့
မှန်းဆစိတ်ရည်
လက်အုပ်ချီလို့
ရှစ်ခိုးဦးချ
တမ်းတလျှက်ပါအဖေ
ကျန်းမာစေကြောင်း
သားဆုတောင်းလို့
အချိန်တန်လို့
အိမ်ပြန်ရတဲ့အခါ
အပြုံးပန်းနဲ့
လှမ်းကြိုမယ့်အဖေ့ကို
မှန်းဆမြင်ယောင်ရင်း.....

ကိုယ်ပြည်ပရောက်ပြီး၃နှစ်အကြာ ..တခါမှအိမ်မပြန်ရသေးတဲ့ အချိန် မှာ ကိုယ့်အဖေဆုံးသွားခဲ့ တယ် ။။။
ဒီစာပုဒ်လေးဖတ်လိုက်ရတော့ အတော်လေး ခံစားမိပါတယ် .. မိဘကို အချိန်အခါအခြေအနေပေးတုံးတတ်နိုင်သလောက်ကျေးဇူးဆပ်နိုင်ပါစေ နော်။

Unknown said...

ကျေးဇူးပါအစ်ကို