Thursday, June 26, 2008

တစ်ချိန်တုန်းက..မိုးရာသီ

တိမ်မည်းတစ်ချို့
မှိုင်းညို့ညို့နဲ့
မိုးကွက်ကိုဆင်
ရွာမယ်ပြင်တယ်...
လျှပ်ပန်းနွယ်ယှက်
ကောင်းကင်ထက်မှာ
တစ်ချက်မိုးချိန်း
မိုးလုံးဟိန်းသို့
ကိုရွှေမိုးကိုအကြိုထောက်တယ်.....
မကြာခင်မှာ
ရွာဆင်တဲ့..မိုး
အညှိုးတေးက
ရွှဲရွှဲစိုအေး
ဖားလေးတို့ပျော်
မိုးကိုမျှော်သူ
ရွှေတောင်သူတို့
ထွန်တုန်းကိုပြင်
လုပ်ငန်းခွင်သို့
ကိုယ့်နွားကိုယ်တွဲ
ဓါးကိုဆွဲလို့
တာဝန်ထမ်းဖို့ပြင်ကြတယ်.....
လယ်ကန်သင်းဘေး
ရေပြင်ဖွေးလို့
မိုးစက်တစ်ပေါက်
သူ့ဆီရောက်ရင်
ခုန်ပေါက်ပျော်ရွှင်
ဘေးသို့စင်တယ်.....
ကန်ဘောင်ဘေးဘက်
ကန်စွန်းရွက်တို့
စိမ်းစိမ်းစိုစို
အလှပိုလျှင်
ကလေးတစ်သိုက်
ခြင်းကိုပိုက်လို့
မိုးတေးကိုဆို
ခူးဆွတ်လို့ပျော်ကြတယ်.....
ဂဏန်းနှိုက်ကာ
ဖားကောက်ကာနဲ့
အဲဒီဘဝ
အေးချမ်းလိုက်တာ
အဖေအပြန်
လက်မှာခိုဆွဲ
ဗျိုင်းသားချိုချို
စားစေလိုလို့
အိမ်ပြန်တိုင်းဖမ်းလာတတ်တဲ့..အဖေ
အမေ့လက်ရာ
ညနေစာက
မိုးနဲ့အပြိုင်
မြိုင်ဆိုင်လှတယ်......
ဘ၀မှာ
အဲဒီလိုမိုးမျိုး
ဘယ်တော့များမှပြန်ရွာမှာလဲ
မိုးလေးဖွဲရင်
ပြန်ရောက်ချင်သည်
ငယ်ငယ်တုန်းက ယာခင်းဆီ.....


Type rest of the post here

No comments: