Thursday, October 2, 2008

အပြန်လမ်းဆီ…..

ချစ်သူ့ရင်ခွင်
ပင်လယ်ပြင်သို့
မှတ်ယူမွေ့ပျော်
ဒုက္ခသော်မှ
ပျားရည်တမျှ
ချိုမြိန်လှ၏

ချစ်သူ့ပါးပြင်
ပန်းအသွင်သို့
သည်းထိတ်ဖိုလှိုက်
နမ်းကာရှိုက်သော်
ဘယ်ပန်းမမှီ
မွှေးပျံ့ကြိုင်သည်

ဒုက္ခနှင့်ကြုံ
စိတ်ဓါတ်ကုန်လျှင်
ဆန္ဒတစ်ခု
တောင်းဆုပြုသည်
” ချစ်သူ၏လက်ကို
ဆုပ်ကိုင်ခွင့်ရပါရစေ”

ပျော်ရာမနေ
တော်ရာနေမို့
ဖော်ကွာဝေးသူ
သည်းအားငယ်တယ်
မျှော်ကာငေးလို့
လွမ်းမကုန်တယ်
ချစ်ဦးသူရယ်….
နွမ်းမပြေသာ
လွမ်းနေတာသိရင်ဖြင့်
လှမ်းကာလေပြေးကြို
မောင်ပြန်ရာလမ်း
အပြုံးပန်းနဲ့
မမုန်းတမ်းစောင့်နေနော်…….


Type rest of the post here

Sunday, September 28, 2008

…..ကျွန်တော်…..

ငါက….
အညတရ Blogger
ဂစ်တာတစ်လက်
ကော်ဖီတစ်ခွက်နဲ့
မထင်မရှား Blog လေးတစ်ခုသာပိုင်တဲ့
ရုပ်ဆိုးဆိုးကောင်လေးတစ်ယောက်ပေါ့

ငါက….
ကြမ်းတမ်းတဲ့ဘ၀မျိုးနဲ့
နူးညံ့တဲ့သံစဉ်လေးတွေဖန်တီး
သိမ်မွေ့တဲ့ကဗျာကာရန်လေးတွေရေးစပ်
တိတ်ဆိတ်တဲ့မနက်လေးတွေနဲ့
ကျေနပ်လို့နေသူပေါ့

ငါက….
ခပ်ပြင်းပြင်းအရက်တစ်ကျိုက်
ဆေးလိပ်လေးတစ်ရှိုက်နဲ့
စိတ်ကူးတွေရွက်လွှင့်
မျှော်လင့်ချက်တွေတပုံတပင်နဲ့
မနက်ဖြန်တွေကိုခရီးဆက်နေသူပေါ့

ငါက….
ချစ်ခြင်းမေတ္တာအတွက်
နှလုံးသားတစ်ခုပေးဆပ်ဖူးသူ
မြတ်နိုးတဲ့မနက်ခင်းတွေ
တန်ဖိုးထားတဲ့ကဗျာတွေ
ခံစားတတ်တဲ့သံစဉ်တွေ
အားလုံး..အားလုံး
အချစ်အတွက်
ပေးဆပ်ဖူးသူပေါ့

အခုတော့..ငါက
သူပေးတဲ့ဒဏ်ရာတွေနဲ့
အလွမ်းတွေထွေးပိုက်
ကာရန်တွေကြားမှာပျော်ပိုက်နေသူ…..


Type rest of the post here